ကျော်ကျော်နန္ဒ ငိုယိုတောင်းပန်သည့်အတွက် အကယ်ဒမီပွဲတက်ခွင့် ပြန်ရ…

0
82

ကျော်ကျော်နန္ဒ ငိုယိုတောင်းပန်သည့်အတွက် အကယ်ဒမီပွဲတက်ခွင့် ပြန်ရ

လူမှုကွန်ရက်တွင် “ဆက်ပက်” အမည်ရ သင်္ကြန်သီချင်းဖြင့် လူသိများလာသည့် ဆယ်လီ ကျော်ကျော်နန္ဒက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ငိုယို၍လာရောက်တောင်းပန်သည့်အတွက် အကယ်ဒမီပေးပွဲတက်ခွင့် ပြန်လည်ရရှိခဲ့ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတဦးက News Watch ကို ပြောသည်။

“ကျွန်တော်ကြားတာ အဲ့လိုရုပ်သိမ်းပြီး မနေ့က အဲဒီကောင်က ဥက္ကဋ္ဌနဲ့ ခွင့်ပြုပေးလိုက်တဲ့သူကိုလာတွေ့ပြီး ငိုယိုပြီးတော့ တောင်းပန်တယ်တဲ့။ သူတက်ပါရစေပေါ့။ ကောင်းကောင်းမွန်မွန် ၀တ်စားဆင်ယဉ်ပြီး တက်ပါ့မယ်။ဒီကသတ်မှတ်ထားတာနဲ့အညီ တက်ပါမယ်ဆိုပြီးတော့ လာတောင်းပန်သွားတယ်လို့ပြောတယ်။ အဲဒီလို တောင်းပန်တော့ တက်ခွင့်ပြန်ပေးလိုက်တယ်လို့ ကြားတယ်”ဟု ၄င်း က ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားရာတွင် ခုံအမှတ်(A3,KK-16)ပါ ဖိတ်စာသည် ချမှတ်ထားသည့်မူဝါဒနှင့်မညီဘဲ မှားယွင်းဖိတ်ကြား ခဲ့ခြင်းဖြစ်သည့်အတွက် ဖိတ်စာထုတ်ပေးသူကို ပြင်းထန်စွာသတိပေးပြီးအဆိုပါဖိတ်စာကို တက်ရောက်ခွင့် စာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် အဆိုပါဖိတ်စာဖြင့် အခမ်းအနားသို့တက်ရောက်ခွင့်မပြုကြောင်း မတ်လ ၂၂ ရက် ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်

“သိန်းငါးထောင်တန် စိန်လက်စွတ်ကြီးဝတ်ပြီးတော့ အ၀တ်အစားတော့ ဘယ်လိုဝတ်မလဲတော့ မသိဘူးဗျာ။ အဲ့လိုပါလာတော့ လူမှုကွန်ရက်မှာ ဆဲနေကြတာပေါ့ဗျာ။ အစည်းအရုံးကိုပါ ဆဲတာပေါ့။ ဘယ်လိုသူတွေကိုပေး တာလဲပေါ့။ အဲ့ဒါကို ကျွန်တော်တို့က အရေးပေါ်အစည်းအဝေးလုပ်ပြီးတော့ ပေးလိုက်တဲ့လူကို ပြစ်တင်ရှုတ်ချ တယ်”ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အကယ်ဒမီပွဲတက်ရောက်ခွင့်ရရှိသည်၊ မရရှိသည်နှင့်ပတ်သက်၍ ကာယကံရှင်ဖြစ်သူကျော်ကျော်နန္ဒက အကယ်ဒမီပေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ သရုပ်ပျက်အ၀တ်အစားများ နှင့်မတက်ဘဲ ရိုးရိုးယဉ်ယဉ်ဝတ်ဆုံဖြင့်သာ တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့က ပြည်တွင်းမီဒီယာများကို ပြောထားသည်။ News Watch