အလွန်မတ်စောက်သော ပေ၁၇၀၀ ခန့်် ချောက်မှာတွေ့ရသော မစိမ့်ထက်ရဲ့ အပေါ်အကျီင်္ကို ဆင်းယူခဲ့သူရဲ့ ပြောပြချက်တွေ

0
46

ဖန်ဂရန် ရာဇီ ရေခဲတောင်ထိပ်ပေါ်ကနေမတော်တဆပြုတ်ကျပျောက်ဆုံးနေသော မစိမ့်ထက်အားရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ပထမအကြိမ်ရှာဖွေခဲ့ခြင်းပေါ်အင်တာဗျူး

မေ ၁၃ ရက်

ပြီးခဲ့တဲ့သင်္ကြန်မတိုင်မီ ဧပြီလ ၁၂ ရက်နေ့ကThe Summiter လို့ခေါ်တဲ့အပျော်တမ်းခြေလျင် တောင်တက်အဖွဲ့ဟာ လူအင်အား (၂၀) နဲ့အတူ ကချင်ပြည်နယ်မြောက်ဖျား ပူတာအိုမြို့နယ် ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်ကနေ ပြန်အဆင်းမှာ မနက် ဝ၉:၃၀ ချိန်ခန့်မှာ မစိမ့်ထက်ဟာ မတော်တဆခြေချော်ကျပြီး ပျောက်ဆုံးနေမှုဟာ ယခုဆိုလျင် (၁) လပြည့်ခဲ့ပြီးဖြစ်ပါတယ် ၊ ပျောက်ဆုံးမှုအပြီး နယ်မြေကျွမ်းကြသည့် ဒေသခံတိုင်းရင်းသားများကို ရှာဖွေကယ်ဆယ်ရေး ဆပ်မကော်မတီအဖြစ်ဖွဲ့စည်း သတ်မှတ်ပေးပြီး ဧပြီလ (၂၆) ရက်နေ့မှစ၍ ပူတာအိုမြို့မှ စတင်ထွက်ခွာခဲ့ကြပြီး ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်သို့ အဖွဲ့ဝင် ( ၁၅ ) ဦးမှသွားရောက်ရှာဖွေခဲ့ကြသည့်အထဲမှ ရဝမ်တိုင်းရင်းသား ” ဆန်လုရမ်ဆိန်း ” ကို ကျွန်တော်မှဆက်သွယ်မေးမြန်းခဲ့ပါသည်

မေး : မင်္ဂလာပါကိုဆန်လုရမ်ဆိန်းခင်ဗျာ ၊ ကျွန်တော်ကိုစည်သူမောင်ပါဗျ ၊ ပြည်သူပြည်သား သတင်းသမားတစ်ဦးပါ ၊ အကိုတို့ရေခဲတောင်ပေါ်မှာပြီးခဲ့တဲ့ တစ်လခန်ဲ့ကပျောက်ဆုံးသွားတဲ့ ” မစိမ့်ထက် ” ကိုသွားရောက်ရှာဖွေခဲ့ကြတယ်လို့လို့သိရပါတယ် ၊ ဘယ်နေ့ကစပြီးသွားရောက်ခဲ့ကြတာလဲ ? ၊ အဖွဲ့ဝင်ဘယ်နှစ်ဦးနဲ့ဘယ်လိုတွေရှာဖွေခဲ့ကြတယ်ဆိုတာ ကျေးဇူးပြုပြီ ပြောပြပေးပါလားဗျာ

ဖြေ : ဟုတ်ကဲ့မင်္ဂလာပါဗျ ၊ ကျွန်တော်တို့ပြီးခဲ့တဲ့ ဧပြီလ (၂၆) ရက်နေ့က ပူတာမြို့ကနေ (၁၅) ယောက်နဲ့စထွက်ပါတယ် ၊ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ရောက်ဘို့ခြေလျင်ခရီး ၈ ရက်ကြာပါတယ် ၊ ရန်ကုန်က တောင်တက်အသင်း (၉) ယောက်ပါပါတယ် ၊ မစိမ့်ထက်တို့သွားတုန်းက လမ်းပြအဖြစ်လိုက်သွားတဲ့ “ဆန်ဂေါင်ရွာ ” ကဒေသခံရဝမ်တိုင်းရင်းသား ” ဆင်ချန်းဇိန် ကကျွန်တော်တို့နဲ့အတူ ပြန်လိုက်လာပါတယ် ၊ သူကအတိအကျသိတယ် ၊ မစိမ့်ထက်ဘယ်နေရာကျသွားသလဲဆိုတာ သူတို့ပြောတဲ့ အပိုင်းအစ တစ်ခုတွေ့တယ်ဆိုတာ ၊ ကျွန်တော်တို့ရောက်သွားချိန် အပေါ်ကနေလှမ်းကြည့်တာမသဲကွဲဘူး ၊ ရာသီဥတုကြောင့်သဲသဲကွဲမသိရပါဘူး ၊ အမြင့်ပေအနက် ၁၇၀၀/၁၈၀၀ လောက်မြင့်တာဆိုတော့ ဘာမှန်မသေချာဘူး

မေး : အဲ့ဒီတော့ အကိုတို့အဖွဲ့ဆင်းကြည့်ကြသလားဗျ ? ၊ ဘယ်သူတွေပါသေးသလဲ ?

ဖြေ : အင်း …ကျွန်တော်တို့ချောက်ကမ်းပါးပေါ်ကနေ ဆင်းတဲ့အဖွဲ့က ဦးလန်ဝန်ထိန်ရယ် ၊ ဆင်ချန်းဇိန်ရယ် ကျွန်တော်ရယ်ပါ ကြိုးနဲ့ဆင်းကြည့်တယ် ၊ ကျန်တဲ့၃ ယောက် အပေါ်ကနေကြိုးတွေကိုတောင့်ထားပေးပါရတယ်..

မေး : အကိုပြောတော့ ၁၅ ယောက်သွားကြတယ်လို့ပြောတော့ ကျန်တဲ့အဖွဲ့တွေက ဘယ်မှာကျန်ခဲ့သလဲဗျ ?

ဖြေ : ကျန်တဲ့အဖွဲ့တွေက ရန်ကုန်တောင်တက်အသင်းကလို့သိရပါတယ် ၊ ရေခဲစပ်တောင်ခြေလာရင်းလမ်းမှာ ရာသီဥတုဖောက်ပြန်ပြီး ချောင်းရေကြီးတော့ သူတို့ကိုမကူးခိုင်းဘဲနဲ့တောင်ခြေမှာဘဲထားခဲ့ရတယ်လေ ၊ နယ်မြေကျွမ်းကျင်တဲ့ကျွန်တော်တို့ (၆)ယောက်အဖွဲနဲ့ဘဲတက်သွားကြတာပါ

မေး : ဟုတ်ကဲ့ စောစောကရှာဖွေခဲ့ပုံလေးပြန်ဆက်ပေးပါဗျ

ဖြေ : အဲ့တော့ ..အဲ့ဒီလောက်နက်တဲ့နေရာကိုကျွန်တော်တို့ကြိုးတွေနဲ့ဆင်းကြည့်လိုက်တော့ အပေါ်က ပထမတွေ့ကြတဲ့အပိုင်းအစတွေကိုတွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်လူခန္ဓာရုပ်အစိတ်အပိုင်းအစတွေမဟုတ်ဘဲနဲ့ သူဝတ်ထားတဲ့အပေါ်အင်္ကျိဖြစ်နေတယ် ၊ ဂျာကင်အင်္ကျိပေါ့ ၊ မိုးကာအင်္ကျံဖြစ်နေတယ် ၊ အဲ့ဒါနဲ့ ၁၅ ပေအကွာမှာမျက်မှန်အစုတ်တစ်လက်ထပ်တွေ့တယ် ၊ ကျန်တဲ့အသုံးအဆောင်တွေ အလှဆီဗူးတွေလည်း တွေ့ခဲ့ရတယ် ။

မေး : ဟုတ်ကဲ့ အကို့အနေနဲ့မစိမ့်ထက်ဟာ နောက်ထပ် ဘယ်လောက်အနက်အထိရောက်သွားနိုင်သလဲ ? ပြီးတော့ ဒီအဝတ်အစားတွေ ၊ အီကွေ့မင့်တွေကဘာလို့ ကျွတ်ကျန်ခဲ့တာလဲဆိုတာ သုံးသပ်ပေးပါအုံး ၊ ပြီးတော့ ဒီအပိုင်းအစတွေကို မစိမ့်ထက်တို့ရဲ့တောင်တက်အဖွဲ့ကဘာ့ကြောင့်မရှာနိုင်ကြသလဲဗျ ?

ဖြေ : ဟုတ်ကဲ့ကျွန်တော်တို့ကြားသိရသလောက်တော့ ခေါင်းဆောင်ဟာကြိုးတွေကိုအလုံအလောက်မယူလာကြဘူးလို့သိရပါတယ် ၊ ပြီးတော့ တောင်ထိပ်ကနေပြန်အဆင်းမှာ ဒီလောက်အန္တရာယ်ကြီးလိမ့်မယ်လို့ သူတို့ထင်မထားကြပုံရတယ်ဗျ.. ပြောမယ်ဆိုရင်တော့ ခေါင်းဆောင်ရဲ့ပေါ့ဆမှုလဲပါတာပေါ့ ၊ သူတို့ကသူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲသွားတာပါ.. အဲ့လိုကနေ မတော်တဆဖြစ်စဉ်မှာ အရှိန်နဲ့ချောက်ထဲကိုလျှောကျသွားတဲ့အခါ မမြင်နိုင်တဲ့ ကျောက်ချွန်း ကျောက်ဆောင်ငယ်တွေနဲ့တိုက်မိ ချိတ်မိပြီးဆွဲချွတ်မိသလိုမျိုးလည်း ဖြစ်နိုင်ပါတယ်.. အင်္ကျံမှာတော့သွေးစ တွေစွန်းနေတာမျိုးတော့မတွေ့ရဘူးဗျ

မေး : ဒါဆိုရင်အကို့ရဲ့အမြင်သဘောထားအရရှာဖွေရှာဖွေဘို့အရမ်းကြီးခက်ခဲသွားပြီဆိုတဲ့သဘောလားဗျ?

ဖြေ : ဟုတ်ပါတယ် ပထမအပိုင်းအစတွေက ပေ၁၇၀၀ ခန့််မှာတွေ့တာဆိုတော့ အဲ့ဒီချောက်ကမ်းပါးက အရမ်းမတ်စောက်တယ် ၊ ကျွန်တော်တို့အဖွဲ့ဆက်ပြီး ဆင်းဘို့ဆိုအရမ်းလည်း အန္တရာယ်အရမ်းများတယ် ၊ နောက်ပြီး ပါလာတဲ့ကြိုးတွေကမမှီတော့ဘူး ၊ ကြိုးခွေအားလုံးဆက်မှ ပေ ၂၀၀၀ လောက်ပဲရှိတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ ရာသီဥတုကိုလည်းအကဲခတ်ရပါတယ်..အချိန်မရွေးရာသီဥတုပြောင်းလဲနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်..

မေး : အကိုတို့အဖွဲ့ဖန်ဂရန်ရာဇီ တောင်ထိပ်ကိုဘယ်နေ့ရောက်တာလဲဗျ ?

ဖြေ : မေလ (၄) ရက်နေ့မနက်စောစောမှာ ဝင်းတင်ကုန်း ( ဝန်တင်ကုန်း ) ကနေစထွက်တယ် ၊ ၂ နာရီလောက်ဘဲတက်ရပါတယ် ၊ တောင်ထိပ်ကို ၉ နာရီလောက်ရောက်ပါတယ် ၊ ရောက်တာနဲ့ရှာဖွေမှုကိုစတင်ပါတယ် ၊ ရှာဖွေရေးဟာ ညနေ ၃ နာရီအထိကြာသွားပါတယ် ၊ အဲ့ဒီကနေတောက်လျှောက် ရေခဲစပ်အထိဆင်လာတာ ၊ ပူတာအိုကိုမေလ (၈) ရက်နေ့ပြန်ရောက်ပါတယ် အဆင်းကတော့မြန်တာပေါ့ ၊ရေခဲတောင်ဟာအဆင်းလဲအန္တရာယ်များသလို အတက်လည်းအန္တရာယ်များပါတယ်..

မေး : ဟုတ်ကဲ့….အကိုရေ အကယ်၍များအကိုတို့ဒေသမှာရှိတဲ့ရေခဲတောင်တွေကို ခရီးသွားတွေအနေနဲ့ဘဲဖြစ်ဖြစ် ခြေလျင်တောင်တက်အသင်းတွေဘဲဖြစ်ဖြစ် အပျော်တမ်းတောင်တက်အဖွဲ့တွေဘဲဖြစ်ဖြစ်ပေါ့.. လာမယ်ဆိုရင် ဘာတွေဆောင်ရန် ရှောင်ရန်တွေလိုအပ်ပါသလဲ ? ဘယ်လတွေမှာလာသင့်သလဲဗျ ?

ဖြေ : အဓိက ကျန်းမာရေးကောင်းရမယ် ၊ တောင်တက်ခြင်းလက်တွေ့တွေကိုလေ့ကျင့်သားပြည့်ဝပြီးသားဖြစ်နေရပါမယ် လိုအပ်တဲ့အီကွေ့မင့်တွေလည်းစုံစုံလင်လင်ပါရမယ် ၊ လမ်းခရီးမှာဒေသခံတွေပြောပြတဲ့စည်းကမ်းတွေ ၊ တားမြစ်ချက်တွေကိုလိုက်နာရပါမယ် ၊ တောင်ထိပ်ရောက်ရင် ဝမ်းသာအားရနဲ့ဆူညံအော်ဟစ်တာမျိုးရှောင်ရပါမယ်.. တောင်ထိပ်မှာ အညစ်ကြေးတစ်ခုခု မြှုပ်နှံ့ တာတွေ ရုပ်ထု မြုပ်တာတွေ တောင်ကို အောင် နိုင်ကြောင်း အောင်ပွဲခံတာတို့ သီချင်းဆို တာတွေ ကို ရှောင်ရပါမယ်..,.

ဟု ရေခဲတောင်ပေါင်းအလုံး (၁၀၀) ခန့်တက်လာခဲ့ဖူးတဲ့အသက် (၂၇) နှစ်အရွယ် ဒေသခံရဝမ်တိုင်းရင်းသား ဆန်လုရမ်ဆိန်းကအထက်ပါအတိုင်းဖြေကြားသွာပါသည် ။

စည်သူမောင်

ဓါတ်ပုံ ဆန်လုရမ်ဆိန်း